Aplastic Anaemia လို့ခေါ်တဲ့ သွေးအားနည်းခြင်းအကြောင်း
ခန္ဓာကိုယ်မှာ သွေးဆဲလ်တွေကို လုံလောက်အောင် မထုတ်လုပ်ပေးနိုင်တော့တဲ့အခါ Aplastic anaemiaလို့ခေါ်တဲ့ သွေးအားနည်းခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီအခြေအနေကြောင့် မောပန်းလွယ်တာ၊ ရောဂါပိုးတွေ ဝင်လွယ်တာ၊ သွေးထွက်ရင် တော်တော်နဲ့ မရပ်တော့တာတွေ ကြုံရပါတယ်။
ရှားပါးသော်လည်း ပြင်းထန်တဲ့ ဒီသွေးအားနည်းခြင်းဟာ ဘယ်အသက်အရွယ်မှာမဆို ဖြစ်ပွားနိုင်ပါတယ်။ ရုတ်တရက်ဖြစ်ပွားတတ်သလို ဖြေးဖြေးချင်းမှ ပေါ်လာကာ အခြေအနေ ပိုဆိုးလာနိုင်တာလည်း ရှိပါတယ်။
လက္ခဏာရပ်များ
Aplastic anaemia မှာ လက္ခဏာမပေါ်တာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်ပေါ်လာခဲ့ရင် ခံစားရမှာတွေက
- မောပန်းနွမ်းနယ်ခြင်း
- အသက်ရှုမဝခြင်း
- နှလုံးခုန်နှုန်း မြန်ခြင်း၊ မမှန်ခြင်း
- အသားအရည် ဖြူဖတ်ဖြူရော် ဖြစ်ခြင်း
- မကြာခဏ ရောဂါပိုးဝင်ခြင်း၊ ဖြစ်ရင်လည်း တော်တော်နဲ့ မပျောက်ခြင်း
- ညိုမည်းစွဲလွယ်ခြင်း
- နှာခေါင်းသွေးလျှံခြင်း၊ သွားဖုံးသွေးယိုခြင်း
- ဓားရှမိရင် သွေးတော်တော်နဲ့ မတိတ်ခြင်း
- အရေပြားမှာ အနီစက်ထွက်ခြင်း
- မူးဝေခြင်း
- ခေါင်းကိုက်ခြင်း
- ဖျားနာခြင်း စသည်တို့ဖြစ်ပါတယ်။
Aplastic anaemia ဟာ ဖြစ်ချိန် တိုတောင်းနိုင်သလို နာတာရှည်ဖြစ်နေနိုင်တာလည်း ရှိပါတယ်။ သေဆုံးတဲ့အထိလည်း ပြင်းထန်နိုင်ပါတယ်။
အကြောင်းအရင်းများ
ရိုးတွင်းခြင်ဆီမှ သန္ဓေဆဲလ် stem cells တွေဟာ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးဥမွှားတွေကို ထုတ်လုပ်ပေးရပါတယ်။ Aplastic anaemia ရောဂါရှိသူတွေမှာ stem cells တွေ ပျက်စီးသွားတဲ့အတွက် ရိုးတွင်းခြင်ဆီမှ သွေးဆဲလ်တွေကို အနည်းငယ်သာ ထုတ်ပေးနိုင်တော့ရင် (hypoplastic) , လုံးဝ မထုတ်လုပ်နိုင်တော့ရင် (aplastic) ဆိုပြီး သတ်မှတ်ပါတယ်။
ရိုးတွင်းခြင်ဆီရဲ့ stem cells တွေကို ပျက်စီးစေတဲ့ အဓိက အကြောင်းအရင်းကတော့ မိမိရဲ့ ခုခံအားစနစ်က တိုက်ထုတ်ပစ်လို့ ဖြစ်ပါတယ်။ ရိုးတွင်းခြင်ဆီကို ထိခိုက်မိစေတဲ့ အကြောင်းတရားတွေကလည်း သွေးဆဲလ်များ ထုတ်လုပ်မှုကို သက်ရောက်ပါတယ်။ ကင်ဆာရောဂါရဲ့ ကုထုံးတွေဖြစ်တဲ့ ဓာတ်ရောင်ခြည်နဲ့ ဓာတ်ကင်တာ၊ ကင်ဆာဆေးတွေ သွင်းရ၊ စားရတာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတ်ဆီတို့မှာ ပါတဲ့ ဓာတုပစ္စည်းတွေ၊ တချို့သော ပဋိဇီဝဆေးနဲ့ လေးဖက်နာအဆစ်အမြစ် ယောင်ရင် သောက်ရတဲ့ဆေးတွေ၊ ဗိုင်းရပ်စ်ရောဂါပိုးတွေ၊ ကိုယ့်ရဲ့ ခုခံအားစနစ်မှ ကိုယ့်ကို ပြန်ထုတ်တဲ့ရောဂါတွေ စတဲ့ အချက်တွေက ရိုးတွင်းခြင်ဆီကို ထိခိုက်ပျက်စီးစေပါတယ်။
ဖြစ်နိုင်ချေ
Aplastic anaemia ဟာ ရှားပါးတဲ့သွေးအားနည်းရောဂါ ဖြစ်ပေမဲ့ ကင်ဆာရောဂါကြောင့် ဓာတ်ကင်နေရသူများ၊ ကင်ဆာဆေး သုံးစွဲနေရသူများ၊ ဓာတုပစ္စည်းတွေနဲ့ အမြဲထိတွေ့နေရတဲ့ အလုပ်အကိုင်များ၊ Chloramphenicol ပိုးသတ်ဆေး သောက်နေရသူများ၊ သွေးရောဂါအချို့နဲ့ ကိုယ်တွင်း ခုခံအားစနစ်မှ ပြန်တိုက်ထုတ်နေတတ်တဲ့ ရောရါ Autoimmune disease ရှိသူများ၊ ကိုယ်ဝန်ဆောင်များ ဖြစ်နိုင်ချေ ရှိပါတယ်။
ကုသပုံများ
- ဝေဒနာ သက်သာစေတဲ့ ဆေးဝါးများ
- သွေးသွင်းခြင်း
- ရိုးတွင်းခြင်ဆီ (သို့ ) stem cell အစားထိုးကုသခြင်း တို့ဖြစ်ပါတယ်။
ကာကွယ်ရန် နည်းလမ်းများ
Aplastic anaemia ရောဂါဖြစ်စဉ်အများစုဟာ ကာကွယ်လို့မရပေမဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ၊ လက်သည်းဖျက်ဆေးများ စတဲ့ ဓာတုပစ္စည်းပါဝင်နိုင်တဲ့ အရာတွေကို ထိတွေ့မှု လျော့ချပေးရင် ဖြစ်နိုင်ချေကို နည်းစေနိုင်ပါတယ်။
ရေးသားသူ - Dr. May Myat Tun